လာလည် အားပေးတဲ့အတွက် "ကောင်းကင် တိမ်စိုင် " မှ နွေးထွေးစွာ၊ ကျေးဇူးတင်ချင်းများစွာနှင့် ကြိုဆိုပါသည်

လွန်ကဲထူးမြတ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဥာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်ထူးကို ခံယူတော်မူထိုက်ပေသော မြတ်စွာဘုရားအား ဘုရားတပည့်တော် ဦးထိုက်ထား၍ ကန်တော့ပါ၏ မြတ်စွာဘုရား။

စာမျှက်နှာ များ

Wednesday, June 30, 2010

အမေထံ သို့ပေးစာ


(အမေကို ချစ်တတ်သူများအတွက်…)

မင်္ဂလာအပေါင်းနှင့် ခညောင်းနိုင်ကြပါစေ…..

အမေရယ်…
လောကမှာ လူတိုင်းအတွက် ၀မ်းအနည်းရဆုံးနေ့ ရှိသလို ၀မ်းအသာဆုံးနေ့ဆိုတာလည်း ရှိကြမှာပါ။ ၀မ်းအသာဆုံးနေ့တစ်နေ့ကတော့
့ ဘယ်နေ့ဖြစ်မှာလည်း ထီပေါက်တဲ့နေ့လား၊ နိုင်ငံခြားသွားရမယ့်နေ့လား၊ ချစ်သူဆီက အဖြေရတဲ့နေ့လား၊ အောင်စာရင်းထွက်တဲ့နေ့လား သို့မဟုတ် ဘွဲ့ယူတဲ့နေ့လား။ သတ်မှတ်တဲ့ လူတွေရဲ့အပေါ်မှာ မူတည်မယ်ထင်ပါတယ်။

အမေရယ်…
လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က မင်္ဂလာဒုံလေဆိပ်မှာ အမေပြောခဲ့တဲ့ ရွှေရောင်စကားလုံးလေးတွေကို ခုထိပဲ သားရဲ့နားထဲမှာ ကွက်ကွက်ကွင်းကွင်း ကြားယောင်နေဆဲပါ အမေ။ ဘာတဲ့လဲ “သား…စာကြိုးစားနော်၊ တစ်နေ့ကြရင် အုဌ်တစ်ချပ်၊ သဲတစ်ပွင့် သာသနာပြုနိုင်ရင် အမေကျေနပ်ပါပြီ၊ စာကြိုးစားဖို့က သားရဲ့တာဝန်၊ ပစ္စည်းလေးပါးကို ရှာပေးရမှာက အမေတို့တာဝန်ပဲ”ဆိုတာလေ။

အမေရယ်…
လေယာဉ်ကြီး ထွက်ခွါဖို့ အချိန်တန်ပြီဖြစ်တာကြောင့် ”ကြိုက်မရှက်၊ ငတ်မရှက်”ဆိုတာထက် အမေကတော့ ၀မ်းနည်းလို့မရှက်နိုင်တော့ဘဲ လူတွေကြားထဲမှာပဲ အားပါးတရ ငိုချခဲ့သေးတယ်နော်။ တာဝန်ရှိသူတွေက အတွင်းထဲဝင်ခိုင်းနေပြီမို့ ၀မ်းနည်းမှုတွေကို ကိုယ့်ဘာသာကိုယ် ထိန်းချုပ်ထားကြရင်း ထွက်ခွါမယ့်သူနဲ့ လိုက်ပို့ခဲ့ကြတဲ့သူတွေက မိမိလက်ကို ဝှေ့ယမ်းကာ နှုတ်ဆက်ကြပြီး လေယာဉ်ပေါ်သို့ တက်သွားခဲ့ပါတယ်။

အမေ့ကို
ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်မယ်အမေရယ်… သား နိုင်ငံခြားရောက်တော့ ပုထုဇဉ်ပီပီပဲ အခွင့်အခါအားလျော်စွာ ဖြစ်ပေါ်လာတတ်တဲ့ စိတ်ကူးလေးကတော့ ”ငါ…လူထွက်လိုက်ရင်ကောင်းမလား” ဆိုတဲ့ စိတ်ကူးလေးပဲ။ အဲဒီ စိတ်ကူးလေးတွေ ဖြစ်လာတိုင်း လေဆိပ်က သားအတွက် ကျခဲ့ရတဲ့ အမေ့မျက်ရည်တွေကို ပြန်မြင်ယောင်နေမိတယ်။ “အို…မဖြစ်သေးပါဘူး၊ အမေ့မျက်နှာကို အိုးမဲနှင့်မသုတ်ရက်ပါဘူး”ဆိုပြီး ကိုယ့်ကိုယ်ကို ဆုံးမနေမိပြန်တယ်။

အမေရယ်…
လောကမှာ လူတစ်ယောက်အတွက် မရှိမဖြစ် လိုအပ်တဲ့ အရေးကြီးဆုံးနှစ်ချက်ကတော့ ”Character and wisdom-ကိုယ်ကျင့်စရိုက်နှင့် ပညာပဲ”ပဲလို့ ပြောကြတယ် မဟုတ်လား။ ကိုယ်ကျင့်စရိုက်ကို ရှေ့ကထားပြီး ပြောနေကြပေမယ့် အလုပ်လုပ်ပြီဟေ့ဆိုရင် “သူက ဘာဘွဲ့တွေ ရထားလို့လဲ” ဆိုပြီး ဘွဲ့အလိုက် နေရာကို ခွဲခြားသတ်မှတ်ပေးကြတယ်နော်။

အမေရယ်…
သားတို့ ငယ်ရွယ်စဉ်က လေ့လာသင်ယူခဲ့ဖူးတဲ့ ပါဠိဂရမ္မာထဲမှာ ”ဂုဏ၀န္တေ ပဿန္တိ ဇနာ-(လောကမှာ) လူတွေဟာ ဂုဏ်ရှိတဲ့သူကိုပဲ မြင်တတ်ကြ၊ ကြည့်တတ်ကြတယ်”ဆိုတဲ့ အဓိပ္ပာယ်ရှိတဲ့ စာလေးတစ်ပိုဒ်ကို ကျက်မှတ်ခဲ့ဖူးပါတယ်။ ဒီနေရာမှာ ဂုဏ်ဆိုတာကို အဓိပ္ပာယ်ဖွင့်ရရင် အကျင့်စရိုက်ကောင်းတာလည်း ဂုဏ်ပဲ၊ ငွေကြေးချမ်းသာတာလည်း ဂုဏ်ပဲ၊ ပညာတတ်တာလည်း ဂုဏ်ပဲ။ ဂုဏ်နှင့်ပတ်သက်တာတွေကတော့ အများကြီး၊ အများကြီးပါပဲ။

အမေရယ်…
ဟိုးရှေးရှေးတုန်းက သာသနာပြုနိုင်ဖို့အတွက် ဘွဲ့တွေ၊ ဒီဂရီတွေနဲ့ မသတ်မှတ်ခဲ့ကြပေမယ့် ဒီခေတ်ဒီအခါမှာတော့ အုဌ်တစ်ချပ်၊ သဲတစ်ပွင့်မျှ သာသနာပြုနိုင်ဖို့အတွက်က ဘွဲ့တွေ၊ ဒီဂရီတွေလိုအပ်လာနေပြီ။ အမေ့သားလည်း လူသူမြင်နိုင်လောက်တဲ့ တောက်ပတဲ့ ကြယ်စင်လေးတစ်ပွင့်တော့ ဖြစ်ခွင့်ရပြီလို့ ထင်ပါတယ်။

အမေရယ်…
လောကမှာ ပြောပြောနေကြတယ်လေ။ အောင်မြင်မှုကို ဥယျာဉ်မှူးကြီးနဲ့ ခိုင်းနှိုင်းပြီး ပြောတတ်ကြတယ်။ ဥယျာဉ်မှူးတွေက ပိုပြီးသိကြမှာပါ။ မိမိလိုချင်တဲ့ ပန်းလေးတစ်ပွင့်အတွက် ရေလောင်းပေးရတာနဲ့ ရာသီဥတုဒဏ် ကာကွယ်ပေးရတာနဲ့ စောင့်ရှောက်ယုယရတယ်။ ပန်းလေးလည်း ပွင့်လာရော ပေးဆပ်လိုက်ရတဲ့ အချိန်နဲ့ငွေကြေးတွေအတွက် ကျေနပ်မိကြမှာပါ။

ဒီလိုပါပဲ အမေရယ်…
အလိုရှိတဲ့ ပန်းလေးတစ်ပွင့်အတွက် အပင်ငယ်လေးကို ရေမျှမျှတတ လောင်းပေးရတယ်။ ရေအလောင်းများလွန်းရင် ပန်းပင်ငယ်လေးဟာ သေသွားတတ်တယ်၊ မလောင်းဘဲထားပြန်ရင်လည်း ပန်းပင်ငယ်လေးဟာ မရှင်သန်နိုင်ပြန်ဘူးတဲ့။ ခုလည်းပဲ အမေဟာ သားအတွက် ငွေကြေးကို တော်ရုံသင့်ရုံလေးပဲ ပေးခဲ့တာဟာ အဲဒီသဘောပဲ နေမှာပါလို့ တွေးမိပါတယ်။

နောက်ဆုံးအနေနဲ့ ပြောရရင် အမေရယ် ………
သားအတွက် ဘာမှမပူပါနဲ့တော့။ အချိန်တန်ရင် ကြိုးစားပန်းစား တူးခဲ့ရတဲ့ ရွှေထုပ်ကိုထမ်းပြီး အမေ့ဆီကိုပဲ တည့်တည့်မတ်မတ် ပြန်လာခဲ့ပါမယ်။ အမေတို့က ၀မ်းပန်းတသာ ပီတိဖြာပြီး မင်္ဂလာဒုံလေဆိပ်မှာ စောင့်ကြိုနေကြပေတော့။ အမေလည်း လိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝတည်း ပြည့်စုံနိုင်ပြီး သာသနာအကျိုးကို ဆတက်ထမ်းပိုး တိုးကာတိုးကာ အားထုတ်နိုင်ပါစေလို့ ဆန္ဒပြုရင်း…………။

မှတ်ချက်။ ။
 စာရေးသူကို မွေးသမိခင် ကျေးဇူးရှင်က ၈-နှစ်သားအရွယ်မှာကတည်းက အပြီးအပိုင်
စွန့်ခွါသွားခဲ့ပါပြီ။
 ဒီနေ့ ဦးဇင်းတို့ သီရိလင်္ကာနိုင်ငံ(သီဟိုဠ်)မှာ ကေလနီယတက္ကသိုလ်မှာ ၂၀၀၈-ခုနှစ်က စာမေးပွဲအောင်ထားတဲ့ ဘုန်းကြီးတွေရော လူတွေပါ ဘွဲ့တွေပေးအပ်တဲ့နေ့ပါ။
 ဘွဲ့နှင်းသဘင်ထဲမှာ အမေ့ကို သတိရလွမ်းဆွတ်တာနဲ့ ဒီစာကို ရေးဖြစ်သွားတာပါ။ အမေအားလုံးကို ရည်ညွန်းပြီး ရေးသားလိုက်တာပါ။
 သင်ယူခဲ့တဲ့ဘုရားစာလေးတွေကို (သိဖူးပြီးသူတွေအတွက် မဆိုလိုပါ) မသိဖူးသေးတဲ့
သူတစ်ယောက်ယောက်အတွက် မျှဝေဖူးတဲ့ ကောင်းမှုကြောင့် အမေတစ်ယောက်
တမလွန်ဘ၀မှာ ချမ်းသာအပေါင်းနှင့် ပြည့်စုံနိုင်ပါစေ…အမေ။

တောက်ပကြယ်စင် ၏ ဆောင်းပါးလေး
ကောင်းကင်

No comments:

Post a Comment